Glass House

ကမ္ဘာကျော် နာမည်ကြီး ARCHITECT ဖီးလစ်ဂျွန်ဆင် ( Philip Johnson ) ၏ ဒီဇိုင်းလက်ရာတစ်ခုဖြစ်သည့် " Glass House " ကို ၁၉၄၉ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ပါသည်။ အမေရိကန်နိုင်ငံ New Canaan ၊ Connecticut တွင် တည်ရှိပြီး ၄၇ ဧကရှိ မြေကွက်ပေါ်တွင် တည်ဆောက်ထားကာ အိမ်၏ အလျားမှာ ၅၆ ပေ၊ အနံ ၃၂ ပေရှိပြီး အမြင့် ၁၈ ပေ ရှိပါသည်။ ဖီးလစ်ဂျွန်ဆင်ကိုယ်တိုင် နေထိုင်ရန်အတွက် ဒီဇိုင်းထုတ်ခဲ့ခြင်းဖြစ်ပြီး မီးဆ်ဗန်ဒါရိုး ( Miles Van der Rohe ) ၏ " Farnsworth House " သဘောတရား အယူအဆကို မှီငြမ်းဒီဇိုင်းထုတ်ခဲ့သည်ဟု ယူဆနိုင်ပါသည်။ ဖီးလစ်ဂျွန်ဆင်ဟာ ဗိသုကာဒီဇိုင်းစဉ်းစားရာတွင် ပတ်ဝန်းကျင်နှင့် အိမ်ဆက်စပ်မှုရှိစေရန် အိမ်တစ်လုံးနီးပါးကိုပင် ဆောက်လုပ်ရေးပစ္စည်းအနေဖြင့် မှန်ကိုသာ အဓိကအသုံးပြု၍ ပတ်ဝန်းကျင်အလှ၊ မြေခင်းဗိသုကာအလှ ( Landscape ) ကို ခံစားနိုင်စေရန် ဒီဇိုင်ထုတ်ခဲ့ပါသည်။ ရိုးရှင်းသည့်ဆောက်လုပ်ရေးဖွဲ့စည်းပုံရှိပြီး အချိုးအစားနှင့် ခံစားမှုရသကို ဦးစားပေးခံစားရရှိနိုင်စေရန် တည်ဆောက်ထားပါသည်။ မြေပြင်အထက်အမြင့် ( Plinth ) ၁၀ လက်မအထက်တွင် တည်ဆောက်ထားသော အိမ်အတွင်း အခန်းဖွဲ့ရာတွင် နံရံများ မထားရှိဘဲ အဖွင့် ( Open Space ) များအဖြစ် ထားရှိကာ ရေချိုးခန်းကိုစလင်ဒါပုံစံ အခန်းငယ်ဘေးအဖြစ် ပုံဖော် ဒီဇိုင်းထုတ်ထားပါသည်။ ဂျွန်ဆင်က သူ့အိမ် " Glass House " အတွင်း နေထိုင်ရာတွင် စိတ်ကျေနပ်မှု အပြည့်အဝ ရရှိခဲ့သည်ဟု ဆိုပါသည်။ ဂျွန်ဆင်က " ညမှောင်မှောင် နှင်းတွေကျနေတဲ့အချိန် ... ကျွန်တော်ရဲ့ အိမ်လေးဟာ ကောင်းကင်ဘုံကို တက်သွားတဲ့ အာကာသယာဉ်လေးတစ်ခုလို ခံစားရပါတယ်" ဟု ဆိုပါတယ်။ "Glass House" ကို နောက်ပိုင်းကာလတွေမှာတော့ အမေရိကန်နိုင်ငံ၏ သမိုင်းဝင် အထိမ်းအမှတ်တစ်ခုအဖြစ် ထိန်းသိမ်းစောင့်ရှောက်ခဲ့ပြီး အများပြည်သူများ ကြည့်ရှုလေ့လာနိုင်စေရန် ထားရှိထိန်းသိမ်းထားပါသည်။