အာဟာရပညာနှင့် အလုပ်အကိုင်အခွင့်အလမ်း

အာဟာရပညာဆိုသည်မှာ လူတစ်ဦးချင်းစီသော်လည်းကောင်း၊ လူထုအားခြုံငုံ၍သော်လည်းကောင်း၊ ကျန်းမာကြံ့ခိုင်စေရန်၊ ရောဂါဘယများ ကင်းဝေးစေရန် ရွေးချယ်စားသောက်တတ်အောင် တိုင်ပင်ဆွေးနွေးအကြံပေးနိုင်သည့် ပညာရပ်ဖြစ်ပါသည်။ အာဟာရပညာရပ်ကို လေ့လာသင်ကြားရာတွင် အစားအသောက်အမျိုးမျိုး၊ ၄င်းတို့တွင်ပါဝင်သည့် ကစီဓါတ်၊ အသားဓါတ်၊ သက်စောင့်ဓါတ်စသည့် ဓါတ်အမျိုးမျိုး အန္တရာယ်ကင်းပြီး အာဟာရပြည့်ဝစေရန် သိုလှောင်ခြင်း၊ ချက်ပြုတ်ခြင်းစသည့် ပညာရပ်များကို လေ့လာသင်ကြားရပါသည်။ ထို့အပြင် ကလေးသူငယ်၊ ကိုယ်ဝန်ဆောင်၊ သက်ကြီးရွယ်အို၊ အားကစားသမား၊ ရောဂါရှိသူ၊ အလွန်ပိန်သူ၊ အလွန်ဝသူစသည့် ကွဲပြားခြားနားသည့် အခြေအနေများတွင် အာဟာရနှင့် ပတ်သက်၍ အကြံဉာဏ်ကို တိကျစွာပေးနိုင်ရန်လည်း လေ့လာသင်ကြားရပါသည်။ ပြည်သူလူထုကြားတွင် အများဆုံးတွေ့ကြုံနေရသည့် အာဟာရဆိုင်ရာ ပြဿနာများ ဥပမာ - ကလေးသူငယ်များတွင် အာဟာရချို့တဲ့မှု၊ ကိုယ်ဝန်ဆောင်များတွင် သံဓါတ်အားနည်းမှုစသည့် ကိစ္စရပ်များတွင်လည်း လူအများကို လွှမ်းခြုံကုသနိုင်မည့် စီမံချက်များ ရေးဆွဲနိုင်အောင်လည်း လေ့လာသင်ကြားရပါသည်။ 
မြန်မာနိုင်ငံနှင့် လူထု၏အာဟာရအခြေအနေ ...
ဆင်းရဲခြင်း၊ ဖွံ့ဖြိုးတိုးတက်မှုနောက်ကျခြင်း တို့်နှင့် ရုန်းကန်နေရဆဲ မြန်မာနိုင်ငံတွင် ပြည်သူ့ကျန်းမာရေးဆိုင်ရာ အချက်အလက်များအရ အာဟာရဆိုင်ရာ ပြဿနာများ ဆက်လက်ရှိနေဆဲ ရှိနေဦးမည်ဖြစ်ပါသည်။ အသက်ငါးနှစ်အောက်ကလေးများ၏ သုံးပုံတစ်ပုံကျော်ခန့်မှာ အာဟာရချို့တဲ့မှုနှစ်ဆပို၍ ဖြစ်ကြောင်းတွေ့ရှိရပါသည်။ ကိုယ်ဝန်ဆောင်မိခင်များတွင် သံဓါတ်အားနည်းခြင်း၊ သက်ကြီးရွယ်အိုများတွင် အာဟာရဓါတ်ချို့တဲ့ခြင်းစသည့် ပြဿနာများလည်း ရှိနေဆဲဖြစ်ပါသည်။ ဆန့်ကျင်ဘက်အခြေအနေတွင်လည်း မြို့ပြလူနေမှုဘဝတွင် ကျင်လည်ရသူများ၌ ကိုယ်လက် လှုပ်ရှားမှု နည်းပါးခြင်း၊ အစားအသောက်ကို ချင့်ချိန်၍မစားခြင်းတို့ကြောင့် အဝလွန်ခြင်း၊ သွေးတိုးရောဂါ၊ ဆီးချိုရောဂါစသည့်ရောဂါများ များပြားလာသည်ကို တွေ့ရှိရပါသည်။ အားကစားသမားများတွင်လည်း ခန္ဓာကိုယ်ကျန်းမာကြံ့ခိုင် ဖွံ့ဖြိုးရန်၊ သက်လုံကောင်းစေရန်၊ နိုင်ငံတကာနှင့် ယှဉ်ပြိုင်အနိုင်ယူနိုင်ရန် ရည်မှန်းရာတွင် အာဟာရဖြင့် ပြုစုစောင့်ရှောက်မှုသည်လည်း အရေးပါသည့် အခန်းကဏ္ဍမှ ပါဝင်ပါသည်။မြန်မာနိုင်ငံနှင့် အာဟာရပညာရှင်လိုအပ်မှု ...မြန်မာနိုင်ငံတွင် လူထုနှင့် ပါတ်သက်သောအာဟာရဆိုင်ရာကိစ္စများအတွက် အာဟာရပညာကို နိုင်ငံတကာတက္ကသိုလ်များမှ တတ်မြောက်လာသောပညာရှင်များက ဦးဆောင်၍ အစိုးရဌာနများနှင့် အစိုးရမဟုတ်သောအဖွဲ့အစည်းများက စီမံချက်များရေးဆွဲပြီး အာဟာရနှင့် ပါတ်သက်သောပြဿနာများကို ဖြေရှင်းခဲ့၊ ဖြေရှင်းဆဲဖြစ်ကြပါသည်။ ဥပမာအားဖြင့် အိုင်အိုဒင်းချို့တဲ့၍ဖြစ်သော လည်ပင်းကြီးရောဂါကာကွယ်ရေးအတွက် အိုင်အိုဒင်းဆားထုတ်လုပ်မှု စီမံချက်မှာ အထူးအောင်မြင်လှပါသဖြင့် ထိုရောဂါအဖြစ်များသော တောင်ပေါ်ဒေသများတွင် ယခုအခါ လွန်စွာအဖြစ်နည်းသွားကြောင်း သတိပြုမိကြမည်ဖြစ်ပါသည်။ သို့ရာတွင် ကမ္ဘာနှင့်ယှဉ်၍ လေ့လာကြည့်ပါက မြန်မာနိုင်ငံတွင် အာဟာရပညာရှင်များစွာ နည်းပါးနေသေးကြောင်းတွေ့ရှိရမည်ဖြစ်ပါသည်။
နိုင်ငံကိုဘက်စုံတိုးတက်ဖွံ့ဖြိုးစေရန် အာဟာရပညာရှင်များသည် တစ်ထောင့်တစ်နေရာမှ ဖြည့်ဆည်းပေးနိုင်မည်ဖြစ်ပါသည်။