Interview with MSc ( Nutrition & Dietetics) Graduate

description

                        MSc ( Nutrition & Dietetics) ဘွဲ့ရ ကျောင်းသား ဒေါက်တာညီညီကျော်နှင့် တွေ့ဆုံခြင်း

             

 STI  Myanmar University နှင့်အင်္ဂလန်နိုင်ငံရှိ University of Bedfordshire ( UK)  တို့ ပူးပေါင်းဖွင့်လှစ်သော  အစားအစာနှင့် အာဟာရဆိုင်ရာ မဟာဘွဲ့ Master of Science in Nutrition Dietetics ၏ ပထမဆုံးသော ဘွဲ့ရများ ပေါ်ထွက်လာခဲ့ပြီဖြစ်ရာ ၊ MSc ( Nutrition & Dietetics) ဘွဲ့ရ ကျောင်သားတစ်ဦးဖြစ်သည့် ဒေါက်တာညီညီကျော် ၏ ပညာသင်ကြားခြင်းအတွေ့အကြုံများအကြောင်းကို ယခုကဲ့သို့ တွေ့ဆုံ မေးမြန်းထားပါသည်။

 

မေး   -  မင်္ဂလာပါဆရာ။ ဆရာရဲ့နာမည်​ နဲ့ STI မှာ တက်ရောက်ခဲ့တဲ့ အတန်းနဲ့ ဘွဲ့တို့ကို မိတ်ဆက်ပေးပါဦး။

 

ဖြေ - မင်္ဂလာပါ။ ကျွန်တော်နာမည်က ဒေါက်တာ ညီညီကျော်ပါ။ ဆေးကျောင်းကနေ MBBS ဘွဲ့ရထားပါတယ်။  University of Bedfordshire ( UK) ပေးအပ်တဲ့  အစားအစာနဲ့ အာဟာရဆိုင်ရာ မဟာဘွဲ့ ကို  STI မှာ (၂) နှစ်တက်ပြီး  MSc ( Nutrition & Dietetics)ကို ရခဲ့ပါတယ်။ 

 

မေး    - Nutrition & Dietetics ကို မဟာဘွဲ့ယူဖို့ ဆရာ ဘာကြောင့်ဆုံးဖြတ်ခဲ့တာလဲ။ STI ကိုရော ဘာကြောင့် ရွေးချယ်ခဲ့တာလဲ။

 

 ဖြေ  - ပြောရရင်တော့ ကျွန်တော်တို့ မြန်မာနိုင်ငံက Nutrition Subject မှာ အိမ်နီးချင်းနိုင်ငံတွေနဲ့ ယှဉ်ရင် နှစ် ( ၆၀) လောက် နောက်ကျ နေခဲ့ တယ်။  အဲ့လိုအချိန်မှာပဲ ဒီကျောင်းကလည်း Nutrition နဲ့ ပတ်သက်ပြီး Course လေး တွေကို လာဖွင့်မယ်ပေါ့ ။ အဲ့လို ကြားလိုက်ကတည်းကိုက အရမ်းကို happy ဖြစ်တယ်ပေါ့။ ဒါကြောင့်ပဲ စိတ်ဝင်တစားနဲ့ကို လာတက်ဖြစ်ခဲ့ တာပါ။

 

မေး     -  ဒါပေမဲ့လည်းဆရာရယ်။  ဒီလို Subject မျိုး က သီးခြားဖြစ်နေသလို ခံစားရတယ်။ တခြား တက္ကသိုလ်တွေမှာလည်း  မရှိဘူး။ STI မှာကတော့ MSc လိုမဟာဘွဲ့ အထိပါ ရယူနိုင်အောင် လုပ်ပေးထားတယ်။ အဲ့ဒီအပေါ်မှာဆရာ့ အမြင်ဘယ်လိုရှိလဲ။

 

ဖြေ  - ကျွန်တော်ကတော့ သိပ်သဘောကျတယ်။ တကယ်လည်း လိုအပ်နေတာပါ။ ပြောရရင် ကျွန်တော်တို့ ကျောင်းသား ဘ၀တုန်းကတော့ Nutrition ကို အခြေခံအနေနဲ့တော့ သင်ခဲ့ဖူးတယ်။ ခုလို အကျယ်တ၀င့် သေချာ မသင်ကြားခဲ့ရဘူး။ ဒီတော့apply လည်း သိပ်မလုပ်ဖြစ်သလို ကျွန်တော်ခုန က ပြောခဲ့သလိုပဲ တခြား နိုင်ငံတွေနဲ့ ယှဉ်တဲ့ အခါ နှစ် (၆၀)လောက် နောက်ကျနေတာပေါ့။ တခြား တက္ကသိုလ် တွေမှာ မရှိဘူးဆိုတာကလည်း ကျွန်တော်တို့ အစိုးရတက္ကသိုလ်မှာတောင် မရှိခဲ့ဘူးဆိုတော့ သူတို့မှာ မရှိတာ အံ့သြစရာမကောင်းပါဘူး။ ဒီတော့ ဆရာဝန်တွေ အနေနဲ့ လည်း ဒီဘာသာရပ်ကို ဆက်လေ့လာရမယ်။ ဒီလမ်းကြောင်းကို လိုက်သင့်တယ်ဆိုတာ မသိဘူး။ ဒါနဲ့ ပဲ ကျန်းမာရေးအခန်းကဏ္ဍမှာ ဆက်ပြီး နောက်ကျကျန်နေရစ်ကြတယ် ။  STI မှာတော့ UK နိုင်ငံကပေးတဲ့ မဟာဘွဲ့ကို ရနိုင်တယ်ဆိုတာ သိသိချင်း ကျွန်တော် စုံစမ်းခဲ့တယ်။ တကယ်တက်တော့လည်း အကျိုးရှိတယ်။  ထိုင်းနိုငံ Mahidol University က ဆရာ၊ ဆရာမကြီးတွေ ရော၊ UK နိုင်ငံက ပညာရှင်ဆရာကြီးတွေ ရောလာသင်ပေးတယ်။ အချိန်အားဖြင့်ဆိုလည်း စနေ၊ တနင်္ဂနွေ အတန်းကိုပဲ တက်ရုံပဲ။ အချိန်ပြည့်တော့ တက်ရတာပေါ့ ။ ဒါပေမဲ့  Nutrition  Subject က ကျွန်တော် ထင်ထားတာကပိုပြီး အရေးပါ ပါလားဆိုတာ သိခဲ့ရတယ်။

 

မေး- ဟုတ်ကဲ့။  နိုင်ငံခြား တက္ကသိုလ် က ဆရာ၊ဆရာမကြီးတွေ လာရောက်သင်ကြားပေးတာမျိုးအပြင် ဆရာတို့ ကျောင်းသား တွေအနေနဲ့ရောလက်တွေ့ လေ့လာရတာမျိုးရောရှိလား။

 

ဖြေ- ဟုတ်ကဲ့ ။ Internship အနေနဲ့ ထိုင်းနိုင်ငံ Mahidol Univesity မှာ ၂ လလောက် အလုပ်သင်အဖြစ် လက်တွေ့ ကွင်းဆင်းလေ့လာခဲ့ရတယ်။ ဆေးရုံ (၄) ရုံပေါ့နော်။ Bumrungrad Hospital ရယ်၊ Bangkok University ရယ်၊ Theptarin လို့ခေါ်တဲ့ Lifestyle change လုပ်တဲ့ hospital ရယ်၊  အစိုးရဆေးရုံဖြစ်တဲ့ Ramathi bodi Hospital ရယ်ပါ။ အဲ့ဒီကရတဲ့ အတွေ့အကြုံတွေက ကျွန်တော်အခုအလုပ်လုပ်တဲ့ အခါ လုံးဝ ကိုတန်ဖိုးဖြတ်လို့မရအောင် အဆင်ပြေခဲ့တယ်။

 

မေး- ဒါဆို ဆရာက အခု အလုပ်လုပ်တဲ့ အချိန်မှာ မဟာဘွဲ့တက်ရောက်ခဲ့တုန်းက လေ့လာခဲ့သမျှတွေကို    ပြန်ပြီး အသုံးချဖြစ်တယ်ပေါ့ ။ ဒီတော့ အသုံးတည့်တာ အကျိုးရှိတာမျိုးရော ရှိလား။

 

ဖြေ- ဒီမေးခွန်းကို ကျွန်တော်သေချာဖြေချင်ပါတယ်။ ကျွန်တော်က clinical ကိုလုပ်ရမှာ တကယ်တမ်း စိတ်သိပ်မပါလှဘူး။ reluctant ဖြစ်တယ်ပေါ့။ ဒါကြာင့် Public Health ကိုပဲသွားဖို့ စဉ်းစားတဲ့ အခါ၊ ၃ခုလောက် ရွေးချယ်စရာတွေ့တယ်။ ကျွန်တော် Nutrition Subject ကိုပဲရွေးလိုက်တယ်။ ဒါက ကျွန်တော့် အတွက် ကံစမ်းမဲနှိုက်လိုက်သလို၊ ထီထိုးသလိုပဲ  ၊ ဘာကြောင့်လဲဆိုတော့ မြန်မာနိုင်ငံမှာ အာဟာရဗေဒနဲ့ ပတ်သက်ပြီး မဟာဘွဲ့ရတဲ့ ဆရာကြီးတွေရှိပေမယ့် ကျွန်တော်တို့နဲ့ အလှမ်းဝေးပါတယ်။ မြန်မာနိုင်ငံကနေ UK ကပေးတဲ့ ဘွဲ့ကိုလှမ်းယူတာမျိုးဆို ကိုယ့် batch ကတောင်ပထမဆုံးဖြစ်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ ကံကောင်းစွာနဲ့  ထီပေါက်ခဲ့ တယ်။ သင်ယူခဲ့သမျှ ပညာတွေကို တကယ်လိုအပ်တဲ့ နေရာတွေမှာ အသုံးချခွင့်ရတယ်။ အခုဆိုရင် ကျွန်တော် ရန်ကုန်ကလေးဆေးရုံပြင်ပလူနာဌာနမှာ အာဟာရနဲ့ ပတ်သက်ပြီး လူနာတွေကို  သေချာ ရှင်းပြတယ်။ ကုသပေးတယ်။ ပြီးတော့ ကျွန်တော့် မှာကိုယ်ပိုင်ဆေးခန်းလည်းရှိတော့ ၊ အဲဒီဆေးခန်းနဲ့ အရေပြားဆိုင်ရာ ဆေးခန်းတွေမှာလည်း ကျွန်တော် ထိုင်တယ်။ လူနာကြည့်ပေးတယ်။ ပြီးတော့ Gym တွေမှာလည်း ကျွန်တော်ထိုင်တယ်။ အခုလက်ရှိလုပ်နေတဲ့ Program လေးတစ်ခုတော့ ရှိတယ်။ အဲ့ဒါကတော့  ရန်ကုန်ကလေးဆေးရုံ ဦးနှောက်အာရုံကြောဌာနမှာ ဆရာ၊ ဆရာမကြီးတွေနဲ့ အတူပူးပေါင်းပြီး  သူတို့ပေးတဲ့ အကြံဥာဏ်ရယ်၊ ကျွန်တော် သိသလောက် Knowledge ရယ် ပေါင်းပြီး Program တစ်ခုစဆွဲနေပါတယ်။ နောက်ပြီးတော့ အာဟာရနဲ့ပတ်သက်ပြီး အထူးသဖြင့် အစိုးရဆေးရုံမှာလာတက်တဲ့ လိုအပ်ချက်တွေရှိုနိုင်မယ့် လူနာတွေကို အခကြေးငွေမယူပဲ ဗုဒ္ဓဟူးနေ့တစ်ရက်ကို နေ့လည် (၁) နာရီလောက်ကစပြီး ကုသိုလ်ဖြစ် လူနာကြည့်ပေးပါတယ်။

 

မေး- အရမ်းကောင်းပါတယ်ဆရာ။ အာဟာရ ဟာ လူတစ်ယောက်အတွက် ဘယ်လောက် အရေးပါလဲ။  ဆရာဝန်တွေ အတွက်ရော  ဒီ Subject က ဘယ်လောက်လေ့လာသင့်တယ်လို့ ဆရာထင်လဲ။

 

ဖြေ-   ဒါကတော့ ရာနှုန်းပြည့် နီးပါး အရေးပါတာပေါ့။ရောဂါရဲ့ ဇာစ်မြစ်ကိုသာ သိခဲ့ရင် အစားအစာနဲ့ ထိန်းလို့ ရတယ်လေ။ ပြောရရင် ကျွန်တော်တို့ဆို Nutritionist ပေါ့။ လူတွေက ကျွန်တော်တို့ကိုမြင်ရင် အမြဲဝိတ်ချတဲ့ ကိစ္စပဲမြင်တယ်။ တကယ်က အဲ့လိုမဟုတ်ဘူး။ အာဟာရပြည့်ဝတဲ့ အစားအစာတွေကို ဘယ်လိုစားရမလဲဆိုတာမျိုးကို ကျွန်တော်တို့က လမ်းညွှန်မူပေးနိုင်တယ်။ ကျွန်တော်တို့ မြန်မာတွေက ထမင်းများများ ဟင်းနည်းနည်းစားကြ တာမျိုးကအစ တကယ်တမ်းမှားနေတယ်။ အဲ့ဒီမှားတာကိုမှ ငပိရည်နဲ့ တွဲစားပြန်တယ်။ ငပိရည်ဆိုတာကလည်း အခုဓါတုပစ္စည်းတွေသုံးပြီးလုပ်ကြတော့ ကင်ဆာတို့ ၊ ဆီးချို၊ သွေးတိုးအစုံ ဖြစ်ချင်တိုင်း ဖြစ်နေကြတယ်။ ဒါကြောင့် ကျွန်တော်ပြောချင်တာက အာဟာရကို လျစ်လျူရူမထား ပါနဲ့ ၊ အာဟာရ ပြည့်ဝဖို့ဆိုတာ မွေးစကလေးကနေ အရွယ်ရောက်တဲ့ ထိ အရေးကြီးတဲ့ ဘာသာရပ်ပါ။ ရောဂါ တစ်ခုခုဖြစ်ရင်တောင် တဖက်မှာလည်း အာဟာရကိုထိန်းပေးဖို့ လိုပါတယ်။ ဥပမာ - ကျောက်ကပ်ရောဂါသည် တစ်ယောက်ကို အာဟာရ မထိန်းပဲ စားချင်ရာစားဆိုရင် သူ့ရောဂါအခြေအနေက ပိုလို့ ဆိုးဝါးလာစရာ ဖြစ်လာပါလိမ့်မယ်။ ဒါကြောင့် အာဟာရပြည့်ဝဖို့ဆိုတာ တကယ့်ကိုအခြေခံအကျဆုံးနဲ့ မရှိမဖြစ် အရေးပါဆုံး မို့ လူသားတိုင်းအတွက် အရေးကြီးပါတယ်။

 

မေး- ဒါဆို၊ MSc ( Nutrition & Dietetics) ကို တခြားဆရာဝန်တွေ တက်ရင်လည်း သူတို့ရဲ့ ပင်မအလုပ်ဖြစ်တဲ့ ဆေးကုသတဲ့ နေရာမှာလည်း ကောင်းမွန်တဲ့ အထောက်အပံ့ပေးနိုင်တာပေါ့နော်။

 

ဖြေ- ပြောရရင်တော့ မြန်မာနိုင်ငံမှာ အာဟာရနဲ့ မဟာဘွဲ့ယူတဲ့သူတွေက  လက်ချိုးရေလို့ရတယ်။ဒီတော့ သူများနဲ့ မတူအောင်လုပ်ဖို့ တော့လိုတာပေါ့ဗျာ။ ကျွန်တော့် ဂျူနိယာတချို့က စိုးရိမ်ကြတယ်. ဒီိဘွဲ့ ယူပြီး အလုပ်မရကြမှာ။ ဒါကလည်း အထိုက်အလျာက်မှန်တယ်။   သူများမလုပ်တဲ့ အလုပ်ကိုလုပ်ရင် ကျွန်တော်တို့ က ကိုယ့်ဖာသာ ယုံကြည်ချက်နဲ့ လမ်းသစ်ကို ဖောက်ရမှာ ၊လမ်းဟောင်းကြီးအတိုင်း ပေပြီးနေလို့ကတော့ ဘာမှဖြစ်လာမှာမဟုတ်ဘူး။ ဆရာဝန် တွေအနေနဲ့ ကိုယ်ရဲ့ ဆေးကုသတဲ့ နေရာမှာ အလိုလိုအသုံးချဖြစ်နေမှာက စိုးရိမ်စရာမလိုဘူး။ ဒီထက် မက ဘာတွေရဦးမလဲ။ ကျွန်တော်တို့တွေက အစားအစာနဲ့ အာဟာရဆိုင်ရာ ဆွေးနွေးပွဲတွေမှာ consultant အဖြစ် ပါဝင်ဆွေးနွေးနိုင်တယ်။ workshop တွေ၊ seminar တွေ ဦးဆောင်လုပ်နိုင်မယ်။ လူနာတွေရဲ့ ရောဂါလက္ခဏာတွေကို အသေးစိတ်အကဲဖြတ်နိုင်မယ် ၊ စတာတွေပေါ့။ ဆရာဝန်မဟုတ်တဲ့ Nurse တွေ ၊ ဆေးဝါးကျွမ်းကျင်က ကလေးတွေ လည်း ဒီမဟာဘွဲ့နဲ့ NGO လုပ်ငန်းတွေမှာ အလုပ်ဝင်လို့ ရနိုင်တယ်ပေါ့နော်။ ကျွန်တော်သိသလောက်ပြောပြပေးတာပါ။

 

မေး- ဆရာပြောပြပေးတာ အတော်လေးပြည့်စုံပါတယ်။ STI ကိုရော ဘာများပြောချင်သေးလဲ။

 

ဖြေ- ကျွန်တော့်အတွက်ကတော့ Nutrition အတန်းကိုမဟာဘွဲ့အထိ ဖွင့်ပေးလိုက်တာကို ကျေးဇူးတင်ပါတယ်။  ကျွန်တော်တို့လို နိုင်ငံခြားမထွက်ချင်တဲ့ သူတွေ ၊ ကိုယ့်မိသားစုနဲ့ အတူ နေပြီး ကျောင်းတက်ချင်သူတွေ အတွက် အလုပ်မပျက်ပဲ တက်လို့ရအောင် စီစဉ်ပေးထားတာမို့ တကယ်ကျောင်းကောင်းပါ။  first batch ဆိုတော့  အနည်းအကျဉ်းလေးတော့ လိုအပ်ချက်လေးတွေ ရှိပါတယ်။ ဒါကလည်း နောက်ဆို ပိုမိုကောင်းလာမှာပါ။ ဒါကြောင့် ကျောင်းကလုပ်ပေးတဲ့ ဒီမဟာဘွဲ့နဲ့ပတ်သက်ပြီး ကျွန်တော် recommend ပေးပါတယ်။ အရမ်းကောင်းပါတယ် လို့ ပြောချင်ပါတယ်။