MSc ( Public Health) ဘွဲ့ရ ကျောင်းသား ဒေါက်တာဇေယျာလင်းနှင့် တွေ့ဆုံခြင်း
Dr. Zayar Lynn
July 2026
STI Myanmar University နှင့်အင်္ဂလန်နိုင်ငံရှိ University of Bedfordshire ( UK) တို့ ပူးပေါင်းဖွင့်လှစ်သော ပြည်သူကျန်းမာရေး မဟာဘွဲ့ MွSc ( Public Health ) ၏ ဘွဲ့ရ ကျောင်သားတစ်ဦးဖြစ်သည့် ဒေါက်တာ ဇေယျာလင်း၏ ပညာသင်ကြားခြင်းအတွေ့အကြုံနှင့် ၄င်း၏ အတွေ့အကြုံ အကြောင်းကို ယခုကဲ့သို့ မေးမြန်းထားပါသည်။
🎤မေး- မင်္ဂလာပါဆရာ ၊ ဆရာက STI Myanmar University မှာ MSc (Public Health) ဘွဲ့ကို မကြာသေးခင်က ရရှိထားတယ်လို့ သိရပါတယ်။ ဆရာ့နာမည်ကိုမိတ်ဆက်ပေးပါ။ ဘာကြောင့် STIMU ကို တက်ရောက်ဖို့ ရွေးချယ်ခဲ့တာလဲ။
👨🎓ဖြေ- မင်္ဂလာပါ။ ကျွန်တော်နာမည်က ဒေါက်တာဇေယျာလင်းပါ။ STI Myanmar University မှာ MSc (Public Health) ဘာသာရပ်ကို ၂နှစ်ကျော် သင်ကြားခဲ့ပြီး ၂၀၁၈ ခုနှစ် ဒီဇင်ဘာလမှာ ဘွဲ့ရရှိခဲ့ပါတယ်။ STIMU ကို ရွေးချယ်ဖြစ်ခဲ့တဲ့အကြောင်းကတော့ မြန်မာနိုင်ငံမှာ Public Health အထူးပြုဘာသာရပ်နဲ့ နိုင်ငံတကာ အသိအမှတ်ပြု MSc ဘွဲ့ကို ရယူနိုင်တဲ့ တစ်ခုတည်းသော ပုဂ္ဂလိကတက္ကသိုလ်ဖြစ်တာရယ်၊ မိသားစုနဲ့ မခွဲခွာရဘဲ အလုပ်လုပ်ကိုင်ရင်း ကျောင်းတက်လို့ရတာရယ်ကြောင့် ရွေးချယ်ဖြစ်ခဲ့တာပါ။
🎤မေး- ဆရာ၀န်တစ်ယောက်အနေနဲ့ Public Health Subject ကို အထူးပြုပြီးမဟာဘွဲ့အထိ ယူဖြစ်တာလေး ပြောပေးပါဆရာ။
👨🎓ဖြေ- ကျွန်တော် ဆေးတက္ကသိုလ်တက်တုန်းက Final Part (1) မှာ Public Health နဲ့ ပတ်သက်ပြီး ဘာသာရပ်တစ်ခုအနေနဲ့ သင်ယူခဲ့ရပါတယ်။ ဆေးတက္ကသိုလ်(၁)ရန်ကုန်က ၂၀၁၁ခုနှစ်မှာ ဘွဲ့ရခဲ့ပြီးနောက်ပိုင်း INGO တွေမှာ ၀င်ရောက်လုပ်ကိုင်တဲ့အချိန်မှာ Public Health ကို အရမ်း စိတ်၀င်စားလာတယ်။ ဒါကြောင့်လည်း မဟာဘွဲ့အထိယူဖို့ စဥ်းစားခဲ့တာပါ။
🎤မေး- ဆရာ၀န်တစ်ယောက်အနေနဲ့ လက်ရှိ ကိုယ်ထိတွေ့နေရတဲ့ ၀န်းကျင်မှာ Public Health န့ဲ႔ ပတ်သက်ပြီး အားမရတာတွေ ၊ အခက်အခဲတွေရှိလား။ ဒါလေးတွေလည်းသိခွင့်ရအောင် အနည်းအကျဥ်းမျှေ၀ပေးပါ။
👨🎓ဖြေ- ဒါကတော့ ရှိပါတယ်။ ပြောရရင်တော့ ဒီနိုင်ငံမှာ ကျန်မာရေးဗဟုသုတနဲ့ ပက်သက်ရင် တစ်ချို့က သိကြတယ်၊ တစ်ချို့ကမသိကြဘူး။ ဗဟုသုတရှိတဲ့သူတွေကလည်း တကယ့်လက်တွေ့မှာ ကျင့်သုံးမှု အားနည်းကြတယ်။ ဥပမာ အခြေခံဗဟုသုတလေးဖြစ်တဲ့ - ကွမ်းစားတာ၊ ဆေးလိပ်သောက်တာ၊ အရက်သောက်တာမျိုးတောင် လူတွေက မကောင်းမှန်းသိလည်း မရှောင်နိုင်ကြဘူး။ ဒီ အပြုအမူ အလေ့အထတွေ ကို ထမင်းစားရေသောက် လူတွေ လုပ်နေကြတာပဲ ။ မကောင်းတာသိတယ်။ ဒါပေမဲ့ မရှောင်ကြဥ်၊ မလိုက်နာကြဘူး။ တကယ်လို့များ ကျန်းမာရေးဗဟုသုတရှိသူတွေ ပတ်၀န်းကျင်မှာ သေချာပြောပြနိုင်ရင် ကိုယ်တိုင်ကလည်း အဲ့ဒီ ဗဟုသုတတွေကို လက်တွေ့လိုက်နာကျင့်သုံးမယ်ဆိုရင် ပြည်သူ့ကျန်းမာရေး အဓိကပြႆနာတွေကို ကာကွယ်ပြီးသား ဖြစ်သွားလိမ့်မယ်။ အဲ့ဒါသေချာပါတယ်။
🎤မေး- STI ကလုပ်တဲ့ ဒီမဟာဘွဲ့သင်တန်းမှာသင်ကြားမူအပိုင်းနဲ့ ပတ်သက်ပြီး ကျေနပ်အားရမှုရှိရဲ့လား။
👨🎓ဖြေ- စာသင်ကြားမှုနဲ့ ပတ်သက်ရင် အားရကျေနပ်မှု အပြည့် ရှိပါတယ်။ ပြည်တွင်းကအတွေ့အကြုံရှိတဲ့ ဆရာကြီး၊ ဆရာမကြီးတွေကိုယ်တိုင် ဦးစီးပြီး သင်ကြားပြသပေးတဲ့အတွက် အသိပညာ၊ ဗဟုသုတတွေ အများကြီးရပါတယ်။ MSc Public Health ဘွဲ့ရဲ့ unit တစ်ခုအနေနဲ့ (dissertation paper) စာတမ်းပြုစုရပါတယ်။ သုတေသနနယ်ပယ်မှာ ကျွမ်းကျင်တဲ့ ပြင်ပ ဆရာကြီး၊ ဆရာမကြီးတွေကိုလည်း တခါတလေဖိတ်ကြားပြီး သင်ကြားပေးတဲ့အတွက် dissertation ပြုလုပ်ရမှာ အထောက်အကူ အများကြီးရပါတယ်။ ပြီးတော့ ကျောင်းသားတစ်ဦးချင်းကိုလည်း dissertation supervisor တစ်ယောက်စီ ထားပေးပြီး ကြီးကြပ်လမ်းညွှန်ပေးတဲ့အတွက်လည်း dissertation paper မှာ ရမှတ်ကောင်းနဲ့ ကျွန်တော်အောင်မြင်ခဲ့ပါတယ်။
🎤မေး ဟုတ်ကဲ့ဆရာ ။ STI မှာ ဆရာတင်ပြတဲ့ ပိုစတာကအရမ်းကောင်းတယ်လို့ သိရပါတယ်။ အဲ့ဒီပိုစတာ Presentationလုပ်ဖို့ idea ဘယ်လိုရခဲ့တာလဲ ။ ပြည့်ပြည့်စုံစုံလေး ပြောပြပေးပါ။
👨🎓ဖြေ- ကျေးဇူးတင်ပါတယ်။ ပိုစတာ presentation လုပ်ဖြစ်ခဲ့တာက ဆေးသုတေသနဦးစီးဌာနမှာ ပြုလုပ်တဲ့ (၄၇)ကြိမ်မြောက် မြန်မာနိုင်ငံကျန်းမာရေးဆိုင်ရာ သုတေသနညီလာခံ (47th Myanmar Health Research Congress) မှာ တင်သွင်းဖြစ်ခဲ့တာပါ။ အဲ့ဒီ ညီလာခံမှာ ပိုစတာတင်ပြဖို့အတွက် သုတေသနစာတမ်းအကျဥ်း (Abstract) ရေးပြီး ဆေးသုတေသနဦးစီးဌာန website ကတစ်ဆင့် ပေးပို့လျှောက်ထား ခဲ့ရာမှာ သုတေသနစာတမ်း စီစစ်ရေးကော်မတီ က ရွေးချယ်ခဲ့ပါတယ်။ ပိုစတာရဲ့ခေါင်းစဥ်ကတော့ “Maternal Knowledge towards Childhood Immunization and Reasons for Incomplete Immunization in Peri-urban Area of Yangon Region: Implications for Health Policy” ပါ။ ကျွန်တော့် dissertation paper ထဲက အဓိက Findings တွေကို Highlight လုပ်ပြီး ဖော်ပြခဲ့ပါတယ်။
🎤မေး - ဟုတ်ကဲ့ဆရာ ။ -အဲ့ဒီပိုစတာ Presentationလုပ်ဖို့ idea ဘယ်လိုရခဲ့တာလဲ ။ ဆရာ့ရဲ့ ရည်ရွယ်ချက် ကိူလည်း ပြောပြပေးပါဦး။
👨🎓ဖြေ- ကျွန်တော့်သုတေသနပိုစတာရဲ့ ရည်ရွယ်ချက်က “ရန်ကုန်တိုင်းဒေသကြီး၊ လိႈင်သာယာမြို့နယ် ဆင်ခြေဖုံး ရပ်ကွက်တွေ မှာ နေထိုင်တဲ့ မိခင်တွေရဲ့ ကလေးကာကွယ်ဆေးထိုးခြင်းနှင့် ပတ်သက်တဲ့ ဗဟုသုတတွေကို လေ့လာနိုင်ဖို့ နဲ့ မြို့ဆင်ခြေဖုံးဒေသတွေမှာ ကာကွယ်ဆေးထိုးလွှမ်းခြုံမှု ပိုမိုအားကောင်းလာစေဖို့၊ တိုးချဲ့ကာကွယ်ဆေးထိုးစီမံချက်မှ နည်းဗျူဟာများ၊ စီမံကိန်းများ ရေးဆွဲရာမှာလည်း အထောက်အကူပြုစေဖို့ အတွက် ရည်ရွယ်ခဲ့ တာ ဖြစ်ပါတယ်။ အဲ့ ဒီမှာ ဒီသုတေသန တွေ့ရှိချက်တွေအရ ႕ဆင်ခြေဖုံးဒေသတွေမှာ နေထိုင်တဲ့ မိခင်တွေရဲ့ ကလေးကာကွယ်ဆေးထိုးခြင်းနဲ့ ပတ်သက်တဲ့ ဗဟုသုတတွေ အရမ်းနည်းပါးတာကို တွေ့ရတယ်။ ပြီးတော့ ကလေးငယ်တွေရဲ့ ကာကွယ်ဆေး အပြည့်အ၀ ရရှိမှု ရာခိုင်နှုန်းဟာလည်း နည်းပါးနေတာကို တွေ့ရှိရပါတယ်။
ကာကွယ်ဆေး အပြည့်အ၀ မရရှိတဲ့ အဓိက အကြောင်းရင်းတွေကတော့ မိဘတွေ အလုပ်မအားတာတို့ ၊ တစ်နေရာက တစ်နေရာကို့ ရွှေ့ပြောင်းသွားလာနေရတာတို့ ကာကွယ်ဆေးထိုရမယ့် အချိန်မှာ ကလေး နေမကောင်းတာတို့ကြောင့် ဖြစ်ပါတယ်။ မိခင်တွေရဲ့ ကလေးကာကွယ်ဆေးထိုးခြင်းနဲ့ ပတ်သက်တဲ့ ဗဟုသုတမြင့်လာတာနဲ့အမျှ ကလေးကာကွယ်ဆေး အပြည့်အ၀ ရရှိမှု ရာခိုင်နှုန်းဟာလည်း များလာတာကို တွေ့ရပါတယ်။ ဒါ့ကြောင့် ကျန်းမာရေး၀န်ထမ်းတွေအနေနဲ့ ပြည်သူလူထုအတွင်း ကလေးကာကွယ်ဆေးထိုးနှံခြင်းနဲ့ ပတ်သက်တဲ့ အသိပညာ ဗဟုသုတတွေ ပိုမိုဖြန့်ဖြူးပေးနိုင်ဖို့ နည်းဗျူဟာသစ်တွေ တီထွင်ကြံဆပြီး လုပ်ဆောင်သွားဖို့ တိုက်တွန်းလိုပါတယ်။ ဒီထက် ဆင်ခြေဖုံးဒေသက ကလေးငယ်တွေရဲ့ ကာကွယ်ဆေးထိုးနှံမှု လက်လှမ်းမီ ရရှိနိုင်အောင်လည်း နိုင်ငံတော်မှ စီမံကိန်းများ၊ နည်းဗျူဟာများရေးဆွဲနိုင်ဖို့ အကြံပေးချင်ပါတယ်။
🎤မေး- ဆရာက တရုတ်နိုင်ငံမှာလည်း သုတေသနတွေ့ရှိချက်တွေကို တင်ပြခ့ဲတယ်လို့ သိရပါတယ်။ အ့ဲဒီအတွေ့အကြုံကိုလည်း မျှေ၀ပေးပါဆရာ။
👨🎓ဖြေ- Presentation လုပ်ဖြစ်တာက ကျောင်းက အတန်းဖော် အစ်မတစ်ယောက်က conference အကြောင်း information ပေးလို့ပါ။ 10th International Conference on Public Health among Greater Mekong Sub-Regional Countries (GMS-ICPH 2018) မှာ တင်သွင်းဖြစ်ခဲ့တာပါ။ ၂၀၁၈ ခုနှစ် နို၀င်ဘာလ ၂ရက် မှ ၃ရက်အထိ တရုတ်နိုင်ငံ၊ ကူမင်းမြို့က Kunming Medical University မှာ ကျင်းပခဲ့တာပါ။ ဒီ conference မှာ တင်ပြဖို့အတွက်လည်း ၂၀၁၈ ခုနှစ် စက်တင်ဘာလ ၂၃ရက် မတိုင်မီ သုတေသနစာတမ်းအကျဥ်း (Abstract) ရေးပြီး website ကတစ်ဆင့် ပေးပို့လျှောက်ထားရပါတယ်။ တစ်ပတ်အကြာမှာ conference organizing committee က ကျွန်တော့် Abstract ကို Oral Presentation တင်ပြဖို့အတွက် ရွေးချယ်ကြောင်း အကြောင်းကြားပါတယ်။ Oral Presentation ရဲ့ ခေါင်းစဥ်က “Reaching the Unreached Children: Inequalities in Uptake of Childhood Immunization in Peri-urban Area of Yangon Region, Myanmar” ပါ။
🎤မေး- ဆရာအနေနဲ့ အခုလို ပြီးပြည့်စုံတဲ့ ပိုစတာတစ်ခုရဖို့အတွက်research တွေလုပ်ရာမှာ ၊ အခက်အခဲတွေရှိခဲ့ လား။ အကူအညီယူခဲ့တာမျိုး ၊ reference book / papers လိုမျိုး လေ့လာတာတွေရှိခဲ့ရင်လည်း ပြောပြပေးပါဆရာ။
👨🎓ဖြေ-အခက်အခဲကြီးကြီးမားမားတော့ မရှိခဲ့ပါဘူး။ အလုပ်တစ်ဖက်နဲ့ research လုပ်ရတာဖြစ်တဲ့အတွက် အချိန်ညှိနိူင်းပြီး ခွင့်ယူရတဲ့ အခက်အခဲတော့ ရှိပါတယ်။ Dissertation period ကလည်း အချိန် ၃လလောက်ပဲ ရခဲ့ပါတယ်။ အလုပ်က နားလည်ပေးမှုရယ်၊ dissertation supervisor ရဲ့ ကြီးကြပ်လမ်းညွှန်ပေးမှုတွေကြောင့် အဆင်ပြေပြေနဲ့ လုပ်ဆောင်နိုင်ခဲ့ပါတယ်။ သုတေသနအတွက် အဓိကလေ့လာဖြစ်တာတွေကတော့ ပြည်တွင်း/ပြည်ပက research articles တွေ၊ websites တွေကနေ လေ့လာဖြစ်ပါတယ်။
🎤မေး- ဟုတ်ကဲ့ဆရာ။ ဆရာက Public Health ဘာသာရပ်ကို specialty လုပ်ပြီး မဟာဘွဲ့ယူတဲ့အခါ ၊ graduated ဖြစ်ပြီးချိန်မှာ ဆရာမျှော်လင့်ခဲ့တွေနဲ့ တစ်ထပ်တည်းကျရလား။ ဘယ်လို အကျိုးကျေးဇူးတွေ ရရှိခဲ့ပါသလဲ။
👨🎓ဖြေ- Public Health နဲ့ ပတ်သက်ရင် သင်ကြားမှု သင်ယူမှုတွေ၊ အသိပညာတွေ အများကြီး တိုးပွားလာပါတယ်။ Public Health နယ်ပယ်မှာ လုပ်ကိုင်နေတဲ့ အတန်းဖော် အစ်ကို၊ အစ်မတွေဆီကလည်း အတွေ့အကြုံတွေ၊ ဗဟုသုတတွေ အများကြီး ရပါတယ်။ ကျောင်းတက်နေစဥ်နဲ့ ဘွဲ့ရပြီးနောက်ပိုင်းမှာလည်း ကိုယ့်လုပ်ငန်းခွင်ထဲမှာ ပြန်လည်အသုံးချလာနိုင်ပါတယ်။
🎤မေး- ဆရာ့ရဲ့ ရှေ့ဆက်ရမယ့် ခရီးနဲ့ အနာဂတ် ရည်မှန်းချက်ကို ပြောပြပေးပါ။
👨🎓ဖြေ-ရှေ့ဆက်ပြီးတော့လည်း Public Health နဲ့ပတ်သက်တဲ့ ပညာရပ်တွေကို ဆက်လက်လေ့လာသင်ယူသွားဖို့ အစီအစဥ်ရှိပါတယ်။ နောက်ပြီးတော့ သင်ယူတတ်မြောက်ထားတဲ့ အဲ့ဒီပညာရပ်တွေကို အသုံးချပြီး မြန်မာနိုင်ငံမှာ ပြည်သူက အားကိုးနိုင်တဲ့ Public Health Professional တစ်ယောက်အနေနဲ့ တစ်ထောင့်တစ်နေရာကနေ ပါဝင်အားဖြည့်ပြီး အကျိုးပြုလုပ်ငန်းတွေ လုပ်ဆောင်သွား်င်ပါတယ်။
🎤မေး- ကျေးဇူးတင်ပါတယ်ဆရာ။ နောက်ဆုံးအနေနဲ့ STI ကိုရော ဘာများ ပြောချင်ပါသလဲ။ ( * အကြံပေးချင်တာ တွေရှိရင်လည်း ပြောနိုင်ပါတယ်ဆရာ)
👨🎓ဖြေ-စာသင်နှစ်တောက်လျောက်မှာ အစစအရာရာအဆင်ပြေအောင် ပံ့ပိုးကူညီပေးခဲ့တဲ့အတွက် STIMU ကို ကျေးဇူးတင်ကြောင်းပြောချင်ပါတယ်။ ရှေ့ဆက်ပြီးတော့လည်း Public Health Professional ဘွဲ့ရများကို နှစ်စဥ်မွေးထုတ်ပေးနိုင်ပြီး ပိုမိုကောင်းမွန်တဲ့ ဝန်ဆောင်မှုတွေနဲ့ နိုင်ငံတကာနဲ့ချိတ်ဆက်ပြီး ဆက် သင်ယူမှု၊ သင်ကြားမှုတွေ ပိုမိုဖြစ်ထွန်းလာနိုင်ဖို့ ဆန္ဒပြုအပ်ပါတယ်။ ကျေးဇူးတင်ပါတယ်။
Similar success journeys
STI Myanmar University မှ မြန်မာနိုင်ငံရဲ့ ပထမဆုံးသော အင်္ဂလန် နိုင်ငံအသိအမှတ်ပြု အာဟာရပညာရှင်အားဂုဏ်ပြုခြင်း
Dr. Ei Mon Phyo
STI Myanmar University နဲ ့University of Bedfordshire, UK တို ့ ပူးပေါင်းဖွင့်လှစ်တဲ့ MSc (Nutrition & Dietetics) သင်တန်းရဲ ့ ဆရာမတစ်ဦးဖြစ်တဲ့…
BBA in Management (The Open University of Hong Kong)
Mya Myintzu Thant
The experiences in my student life can gain outside of the classroom are just as valuable as the…
STI Myanmar University တွင် University of Bedfordshire မှ တိုက်ရိုက်ချီးမြှင့်သော BEng…
Zin & Thuzar Aung
မေး # ပထမဆုံး ညီမလေးတို့ရဲ့ နာမည်ကို မိတ်ဆက်ပေးပါဦး ဖြေ# ကျွန်မက မဇင်ပွင့်ဖြူပါ ။ ညီမက မသူဇာအောင်ပါ။ STI Myanmar University မှာ University of…
Start your own success story
Explore our UK-validated programmes and take the first step toward your future.
Explore Programmes →